သဲအင်းဂူတိုက်ခွဲ (၃၂)အောင်လံဆရာတော်ဘုရားကြီး၏သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်

ယခုအခါ သာသနာသုံးရပ်မှ သာသနာ့တာဝန်ထမ်းဆောင်တော်မူသော သံဃာတော်တို့သည် ပဋိပတ္တိသာသနာနှင့်ပဋိဝေဓ သာသနာထမ်းဆောင်မှု လွန်စွာနည်းနေပြီဖြစ်၍ ကွယ်ပျောက်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ပဋိယတ္တိသာသနာတော်အခြေခံရာတောရွာများ၌ သာမဏေများ အလွန့်အလွန်ရှားပါးနေပြီ။ မြို့ကြီးများ၌သာလျှင် သာမဏေများတွေ့ရတော့သည်။ ထိုသာမဏေများကိုလည်း သာသနာတော်၌ ဆက်လက်မြဲနိုင်မည်ဟု မခန့်မှန်းနိုင်တော့ပေ။ အင်တာနက်အတတ်ပညာများက လွန်စွာဖျက်ဆီးနေသည်။ လက်ရှိရှိနေသောသာမဏေငယ်များကိုပင် ကျောင်းထိုင်ဆရာတော်များက တင်းတင်းကြပ်ကြပ် မဆုံးမနိုင်တော့သည့်အပြင် အလိုလိုက်ချော့မွေးနေရသည့်အဆင့်သို့ ရောက်ရှိနေသည်။ သံဃာတော်များမှာလည်း နှစ်စဉ်လိုလို လူ့ဘောင်သို့ များစွာပြောင်းကုန်ကြပြီ။ အနာဂတ် မကြာတော့သည့်အချိန်တွင် လခပေးထားသော်မှ ရဟန်းကောင်းတစ်ပါးရရန် မလွယ်ကူတော့မည့်အခြေအနေသို့ ဆိုက်ရောက်တော့မည်ဟုခန့်မှန်းရသည်။ ထေရဝါဒနိုင်ငံများမှာလည်း သာသနာအလွန် ဆုတ်ယုတ်လာလေပြီ။ ထို့ကြောင့် သာသနာနောင်ရေး ရင်လေးစရာဖြစ်လာတော့သည်။ မြတ်စွာဘုရားရှင်နှင့်တကွ ဆရာအစဉ်အဆက်၊ သံဃာအစဉ်အဆက်တို့ တာဝန်ကျေခဲ့လေပြီ။ ယခုလက်ရှိ သံဃာတော်များနှင့်တကွ ဒါယကာ၊ ဒါယိကာမအပေါင်းတို့က အနာဂတ်သာသနာမကွယ်ပျောက်နိုင်ရေးအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်မှသာလျှင် ဖြစ်တော့မည်ဟု အကြောင်းပေါ်လာသည်။ ထိုသဘောတရားတို့ကိုထောက်ရှု၍ သာသနာမျိုးဆက် အလျှင်မပြတ်ရန် အထူးသီးသန့်ပျိုးမည့် သာမဏေငယ်များ စနစ်တကျတည်ထောင်ဖို့ လိုအပ်သည်။

သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် တည်ထောင်ခြင်းရည်ရွယ်ချက်

သာသနာတော် ပျက်စီးယိုယွင်းလာပုံ

မြတ်ဗုဒ္ဓသာသနာတော်၏ ထေရဝါဒ (၅) နိုင်ငံရှိရာ မြန်မာနိုင်ငံ၌သာ ပရိယတ္တိသာသနာနှင့် ပဋိပတ္တိသာသနာ ထွန်းကားနေသည်။ သို့သော်လည်း မြန်မာနိုင်ငံသံဃာစစ်တမ်း၌ (၂၀၁၄) ခုနှစ်တွင် သံဃာ(၅)သိန်းရှိခဲ့သည်။ (၂၀၁၈ -၂၀၁၉)ခုနှစ်စစ်တမ်းတွင် သံဃာ(၂)သိန်းသာ ရှိတော့သည်။ ဒီအတိုင်းဆိုလျှင် နောင်နှစ်များတွင် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။

စာသင်တိုက်များစွာ ပိတ်ထားရခြင်း

သာသနာတော်၏အခြေပြုရာ တောရွာရှိဘုန်းတော်ကြီးကျောင်းများ၌ သာမဏေများ မရှိသလောက်ရှားပါးလာသဖြင့် စာသင်သားသာမဏေငယ်များ၊ ရဟန်းငယ်များ နည်းပါးသွားကာ စာသင်တိုက်များစွာပိတ်ထားရသည်။ သည်အတိုင်းဆိုလျှင် ထိန်းမရအောင် သာသနာကွယ်မှု အရှိန်ကောင်းလာလိမ့်မည်။ ခေတ်ပညာထွန်းကားလာသည်နှင့်အမျှ မိဘတို့သည် သားသမီးများကို ခေတ်ပညာကျောင်းများ၌သာ ပညာသင်ကြားစေသည်။ ဘွဲ့ယူပြီးနောက် လုပ်ငန်းခွင်ဝင်ရသည်။ အရွယ်ရောက်တော့ အိမ်ထောင်ပြုကြရသည်။ မိဘတို့သည် မြတ်စွာဘုရားရှင်ဟောကြားဆုံးမသောတရားတော်တို့ကို လေ့လာသင်ကြားမှုမရှိခဲ့ပေ။ မိဘအစဉ်အလာအရသာ ဗုဒ္ဓဘာသာခံယူထားခြင်းဖြစ်သည်။ ထိုမိဘတို့ကမွေးသော သားသမီးတို့သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ကြသည်။ ဘာသာတရားအပေါ်လေးနက်မှုမထားရာမှ ဘာသာမဲ့အဖြစ် ခံယူသွားကြသည်။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်း ဖြစ်သည်။

ကာမဂုဏ် လွှမ်းမိုးခြင်း

ရှေးယခင် ဗုဒ္ဓဘာသာဝင်တို့သည် အရှက်အကြောက်ကြီးကြသဖြင့် ကာမဂုဏ်လွန်ကဲမှုမရှိအောင် ထိန်းသိမ်းကြသည်။ အထူးအားဖြင့် အမျိုးသမီးများသည် အရှက်အကြောက်အလွန်ကြီးကြသည်။ ယခုအခါ အနောက်တိုင်းယဉ်ကျေးမှုကို အားကျလာသဖြင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်နေထိုင်မှုတို့သည် ကာမဂုဏ်စိတ်လွန်ကဲလာအောင် ဆွသလိုဖြစ်နေကြသည်။ ထိုအတွက်ကြောင့် လူငယ်ရဟန်းငယ်တို့သည် ကာမဂုဏ်စိတ်ကို မထိန်းသိမ်းနိုင်ကြသဖြင့် သာသနာ့ဘောင်၌ မပျော်မွေ့ချင်ကြတော့ပေ။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်းဖြစ်သည်။

မိဘတို့၏ ဆင်းရဲနွမ်းပါးမှု

အချို့သောသာမဏေနှင့်ရဟန်းငယ်တို့သည် သင်္ကန်း၊ ထီး၊ ဖိနပ်၊ စာအုပ်စသော အသုံးအဆောင်များမပြည့်စုံကြပေ။ မိဘများကိုလည်း ဆင်းရဲနွမ်းပါးနေသဖြင့် မတောင်းရက်ကြပေ။ မိဘများဆင်းရဲနေသည်ကိုလည်း မကြည့်ရက်ကြပေ။ ထို့ကြောင့် သာမဏေငယ်နှင့်ရဟန်းငယ်များ လူဝတ်လဲကြပြီး ပြည်တွင်းပြည်ပသို့ စီးပွားရှာသွားကြသည်။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်းဖြစ်သည်။

ပဋိပတ္တိမထမ်းဆောင်ကြခြင်း

ရဟန်းဟူသည် သံသရာဘေးကိုကြောက်သည့်စိတ်ရှိရမည်၊ ရွံမုန်းရမည်၊ ကာမဂုဏ်ကိုရွံမုန်းရမည်၊ မြတ်စွာဘုရား၏ ကျေးဇူးတော်နှင့်သာသနာမကွယ်လိုသောစိတ်ရှိရမည်။ ထိုစိတ်မျိုးရှိမှသာ သာသနာ့ဘောင်၌ မြဲမည်ဖြစ်သည်။ ယခုအခါ စာပေတတ်သည့်များစွာသောသံဃာတော်တို့သည် ဝိပဿနာတရားအားထုတ်မှုမရှိသလောက်ပင် ရှားပါးလာသည်။ အချို့ရဟန်းတို့သည် မြတ်စွာဘုရားရှင် ဆုံးမသော ပညတ်တော်နှင့်တရားတို့ကို ဆန့်ကျင်၍ ပုထုစဉ်အကြိုက် ကာမဂုဏ်အားပေးသည့်အပြုအမူများ ပြုနေကြသည်။ ထိုသဘောကို ခေတ်လူငယ်တို့အမြင်၌ ဘာသာတရားကိုအထင်လွဲမှား လာကြသည်။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်းဖြစ်သည်။

ဘာသာခြားတို့၏ လွှမ်းမိုးမှု

အခြားဘာသာဝင်တို့သည် မိမိတို့လူမျိုးနှင့်နိုင်ငံတွင်သာမက အခြားလူမျိုး၊ အခြားဘာသာ၊ အခြားနိုင်ငံကိုပါလွှမ်းမိုးလာနိုင်အောင် နည်းအမျိုးမျိုးဖြင့်အားထုတ်နေကြသည်။ သို့သော် ထေရဝါဒဗုဒ္ဓဘာသာဝင် တို့သည် မိမိတို့ဘာသာ ပျက်စီးလျော့နည်းလာသည်ကိုသိနေသော်လည်း ထိန်းသိမ်းလိုမှုအလွန်အားနည်းကြသည်။ ဘာသာတရားစစ်မှန်ပါသော်လည်း မစစ်မှန်သောဘာသာတို့ မလွှမ်းမိုးနိုင်အောင် ကာကွယ်လိုစိတ်မရှိကြပေ။ ငွေကြေးချမ်းသာမှုကိုသာ လွန်လွန်ကဲကဲအားစိုက်နေကြသည်။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်းဖြစ်သည်။

အင်တာနက် လက်ကိုင်ဖုန်း အန္တရာယ်

သာမဏေတို့သည် စာပေသင်ကြားလိုခြင်းထက် လက်ကိုင်ဖုန်းဖြင့်ဂိမ်းကစားလိုစိတ်သာ ဆန္ဒပြင်းပြနေကြသည်။ ထို့ကြောင့် စာမရသဖြင့် စာမေးပွဲအကြိမ်ကြိမ်ကျကြသည်။ ရဟန်းငယ်တို့သည်လည်း အင်တာနက်၊ ဖေ့စ်ဘွတ်ခ်ကြည့်ရန်သာ ဆန္ဒပြင်းပြနေကြသည်။ ထိုအတွက်ကြောင့် ကာမဂုဏ်စိတ်များထကြွမှုဖြစ်လာပြီး စာမေးပွဲကျကာ လူ့ဘောင်သို့လျှောကျကြရသည်။ ထိုသဘောကြောင့်လည်း သာသနာကွယ်လာရခြင်းဖြစ်သည်။

မိမိ၏တာဝန်

သာသနာကွယ်လျှင် အပါယ်ဘေးဆင်းရဲ၊ သံသရာဝဋ်ဆင်းရဲဒုက္ခများစွာ ခံစားကြရတော့မည်။ ထို့ကြောင့် မိမိတို့၏နောင်မွေးမည့်ဆွေစဉ်မျိုးဆက်တို့အတွက် ထိုဆင်းရဲတို့မှမကျရောက်အောင် စောင့်ရှောက်ဖို့ တာဝန်ရှိသည်။ တို့ကိုမွေးဖွားသည့် ဘိုးဘွားဘီဘင်တို့နှင့်ဆရာတော်သံဃာတော်တို့က တာဝန်သိစွာဖြင့် သာသနာတော်ကိုစောင့်ရှောက်ခဲ့သည်မှာ တာဝန်ကျေခဲ့ပြီ။ တို့အလှည့်မှာ တို့သွေးသားအစဉ်အဆက်ဖြင့် လူဖြစ်ကြမည့်နောင်မျိုးဆက်သစ်တို့အတွက် တာဝန်ကျေဖို့၊ တာဝန်သိဖို့လိုအပ်သည်။

သာသနာကို မည်သို့တည်တံ့စေမည်နည်း

သာမဏေငယ်များရရှိရန်

သံဃာတော်တို့သည် ဆင်းရဲသောတောရွာများမှ ဖြစ်ကြသည်။ ထို့ကြောင့် တောရွာများမှသာမဏေများ စုဆောင်းရမည်။

မည်ကဲ့သို့ စုဆောင်းရမည်နည်း

မိဘများဆင်းရဲကြသဖြင့် ခိုင်းရသည့်အရွယ်တွင် လက်ဘက်ရည်ဆိုင်စသည်တို့၌ ရသမျှငွေဖြင့်ခိုင်းနေကြသည်။ ထိုကလေးတို့သည် အရွယ်ရောက်လာသောအခါ ပညာမတတ်သဖြင့် အသိဉာဏ်ခေါင်းပါးကာ မူးယစ် သောက်စားရမ်းကားနေကြသည်။ ကလေးလည်းဘဝပျက်၊ မိဘလည်းဝင်ငွေမရပေ။ တိုင်းပြည်အတွက်လည်း နစ်နာဆုံးရှုံးသည်။ ထိုမိဘတို့ကို သားသမီးအားခိုင်းစားမည့် ငွေပမာဏ တစ်လ (၅)သောင်းကျပ်ပေး၍လည်းကောင်း၊ ရဟန်းအရွယ်တွင် တစ်လ(၁)သိန်းကျပ်ပေး၍သော်လည်းကောင်း ဖြေရှင်းမှရတော့မည်။ ထိုနည်းဖြင့်သာ သာမဏေများ၊ ရဟန်းများစုဆောင်းရတော့မည်။

အနှိုင်းမဲ့ သာသနာ့အမွေ

မိဘတို့သည် အနှိုင်းမဲ့ရတနာများရှိသော်လည်း ထိုရတနာကိုတန်ဖိုးမသိကြသဖြင့် ဆုံးရှုံးနေကြသည်ကို မသိကြပေ။ မြတ်စွာဘုရားရှင်၏ဓာတ်တော်များဖြင့် စေတီတည်ခြင်း၊ ရေတွင်း၊ ရေကန်၊ ဇရပ်၊ တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ဇရပ်(၈၄၀ဝဝ)စီ လှူဒါန်းခဲ့သောကောင်းမှုသည် သားတစ်ယောက်ကို သာသနာ့ဘောင်သို့ သွတ်သွင်းသောကောင်းမှုလောက် မမြတ်ပေ။ ထို့ကြောင့် သားတစ်ယောက်ကို သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြင့် အနှိုင်းမဲ့ရတနာကို ယူကြစေလိုသည်။

ခေတ်မီသင်ကြားရေးများ

မြတ်စွာဘုရားရှင်သည်ငါတို့အား သနားကရုဏာကြီးစွာဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာရင်းနှီးခဲ့ပြီးပြီ။ မြတ်စွာဘုရားရှင် တာဝန်ကျေသွားပြီ။ တို့အတွက်လည်း ကယ်တင်ရန်အတွက် ပိဋကတ်သုံးပုံထားခဲ့သေးသည်။ သံဃာတော်အစဉ်အဆက်တို့ကလည်း သာသနာမကွယ်အောင်ထမ်းဆောင်ခဲ့သဖြင့် တာဝန်ကျေခဲ့ပြီ။ တို့တစ်တွေက တာဝန်ကျေဖို့လိုအပ်သည်။

လှူဒါန်းနိုင်ပါသည်

သာသနာတည်တံ့နိုင်ရေးနှင့် သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ၏ အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် သုံးစွဲရန်ရည်ရွယ်၍ “သာသနာ့ပျိုးဥယျာဉ် Andriod Application” ဖြင့် လစဉ်လှူဒါန်းနိုင်ပါသည်။

သာမဏေအရေအတွက်

၃၀ဝ၀ ပါး

ရဟန်းအရေအတွက်

၃၀ဝ၀ ပါး

စာချသံဃာ

၁၀ဝ ပါး

၀န်ထမ်းအရေအတွက်

၂၀ဝ ဦး

အရုဏ်ဆွမ်းနှင့်အထွေထွေဝန်ဆောင်မှု

သာမဏေအရေအတွက်

၃၀ဝ၀ ပါး

ရဟန်းအရေအတွက်

၃၀ဝ၀ ပါး

စာချသံဃာ

၁ဝ၀ ပါး

၀န်ထမ်းအရေအတွက်

၂၀၀ ဦး

အရုဏ်ဆွမ်းနှင့်

အထွေထွေဝန်ဆောင်မှု